Subscribe
RSS Feed (xml)
Powered By
Skin Design:
Free Blogger Skins
Powered by Blogger
Showing posts with label ဆောင်းပါးများ. Show all posts
Showing posts with label ဆောင်းပါးများ. Show all posts
Friday, June 5, 2009
မွန်းမံပြင်ဆင်ခြင်း
ကျွန်တော့်အရင် visitor counter က ဘယ်လိုဖြစ်လဲမသိဘူးဗျာ အလုပ်မလုပ်တော့ဘူး အဲဒါနဲ့ ဒီနေ့အသစ်ထပ်လုပ်တာ အသစ်ကလဲ 0 ကနေစလို့မရဘူး 1000 ကနေပဲ စနေတယ် အိပ်ချင်မူးတူးနဲ့ လျှောက်လုပ်နေလို့လား မသိပါဘူးဗျာ နောက်နေ့မှပဲ အသစ်ထပ်လုပ်တော့မယ် ဒီညတော့ အိပ်မယ်ပြောရင်းနဲ့ တင် ၄ နာရီခွဲတော့မယ် 1000 နဲ့ပဲ စထားလိုက်တော့မယ်ဗျာ ဒီပုံလေးလဲ ကြိုက်လို့ ထပ်မပြောင်းချင်တော့ဘူး
အားလုံး ကျန်းမာပျော်ရွှင်နိုင်ပါစေ
ကျွန်တော်တို့ကတဲ့ပွဲ (၂ )
ဒီနေ့ တင်စရာကလဲမရှိ စာရေးဖို့စဉ်းစားတော့လဲအကြောင်းအရာက ရှာမတွေ့တာနဲ့ ကျောင်းက သံချပ်လေး နဲ့ အဆိုတော်တချို့ကို တင်ပေးလိုက်ပါတယ် professional တွေမဟုတ်ပေမယ့် ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ပွဲလေးဖြစ်အောင် ကြိုးစားခဲ့ကြတဲ့ ကျောင်းကသူငယ်ချင်းများအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်...
LONG LIVE IMF!!! :)
သံချပ်မောင်တို့လာပြီနော်
ဦးရွှေရိုး နဲ့ ဒေါ်မိုး
မန်းတောင်ရိပ်ခိုတဲ့ သင်္ကြန်မယ်များ
"ကြာပါတယ်ကွာ" တဲ့ ဂျင်နီက
ဗီလိန် အိတ်ကြီး
(နောက်နေ့မှ ထပ်ပြီးတင်ပါဦးမယ် ဒီညတော့ ဘယ်လိုဖြစ်လဲမသိပါဘူးဗျာ ၃ မိနစ်လောက်ပဲကြာတဲ့ upload က တခါတင်ရင် တခုကို နာရီဝက်လောက်ကြာတယ် ဒီဗီဒီယိုလေး ၆ ခုကို ၃ နာရီလောက်ကြာတယ်ဗျာ ၂ နာရီလဲခွဲသွားပြီ ဆက်တင်ရင် ကျွန်တော်လဲ ညအိပ်ရမှာ မဟုတ်တော့ဘူး မနက်ကျောင်းသွားတက်လိုက်ပါဦးမယ် :D )
အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ
Saturday, May 30, 2009
ကျွန်တော်တို့ကတဲ့ပွဲ :)
ကျွန်တော်တို့ Singapore Informatics Thingyan ကို ၂၄.၅.၂၀၀၉ မှာကျင်းပခဲ့ပါတယ် ဒီပွဲလေးကိုဖြစ်မြောက်အောင် ကျွန်တော်တို့ကျောင်းသားတွေ ဧပရယ်လလောက် ထဲကကြိုတင်လုပ်ခဲ့ရတာပါ ဘာပဲပြောပြော ဒီပွဲလေးကိုလုပ်ရတာ ပင်ပန်းပေမယ့် နောက်တခါထပ်ဖြစ်ချင်ပါသေးတယ် ပျော်စရာကောင်းလွန်းလို့ပါ မနက်ဆိုစောစောထ ကျောင်းသွား သူငယ်ချင်းတွေစုပြီး အလုပ်လုပ်တာကနည်းနည်း ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ပျော်စရာကြီး နေ့ခင်းကရင် ပြဇာတ်တိုက်တဲ့ သူငယ်ချင်းတွေထိုင်ကြည့် သူတို့ဟာသတွေကိုရီ ညနေကျရင် ပင်ပန်းတာ အကြောင်းပြ ဟဲဟဲ ဘာညာသာဒကာ ဘီယာသောက်ပေါ့ဗျာ ဟဲဟဲ ပျော်စရာကြီးနော် ပွဲပြီးတဲ့နေ့ကဆို ဆန်ပြုတ်ရောင်းတဲ့သူတွေ ဘာတွေတောင်ရှိတယ် (နာမည်တော့ ထည့်မပြောတော့ဘူးနော် တော်ကြာ အရိုက်ခံရမှာကြောက်လို့ ဟဲဟဲ) ဘာပဲပြောပြောပါ ဒီသူငယ်ချင်းတွေနဲ့ ဒီလိုပွဲလေး နောက်တခါတော့လုပ်ချင်သေးပါတယ်
ကျောင်းက MD Mr. Alan Phua မှသင်္ကြန်ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးစဉ်
အခမ်းအနားစတော့မယ်
သင်္ကြန်မယ်တွေပျော်ပါစေ
ဒေးဗစ်သာအေးနှင့် ရာဇာလောဘ (ပြဇာတ်)
ရှာပုံတော်မင်းသားကြီး
ဦးရွှေရိုးနဲ့ဒေါ်မိုး
သံချပ်မောင်များ
ပွဲကလဲမစသေးဘူး
IMF အဖွဲ့သားတွေ
ဟေးလားမောင်တို့ ၀ါး.............................
မောတော့မောတာပေါ့ ဒါပေမဲ့ မမောဘူး
Big Bag နဲ့အတူခုန်ခဲ့ကြတယ်
ဒရမ်ပေါက်အောင် တီးပစ်မယ်
security များ
အောင်မြင်စွာ အဆုံးသတ်ပြီးပျော်ရွှင်နေကြသူများ
အခု စာအရမ်းရေးချင်နေတာနဲ့ ကျွန်တော့်မှာရှိတဲ့ပုံလေးတွေနဲ့ ဆောင်းပါးတပုဒ်ဖြစ်အောင် ရေးလိုက်တာပါ ကျန်ရှိနေသေးတဲ့ပုံတွေကိုတော့ နောက်နေ့မှ ရှာပြီးတင်ပေးတော့မယ် အားလုံးပဲကျန်းမာပျော်ရွှင်နိုင်ကြပါစေ
နတ်ဆိုးပြန်လာခြင်း
ကျွန်တော်ဘလော့လေးကို ပစ်ထားတာ ၆ လလောက်ရှိပြီဗျာ ဒီကြားထဲမှာ စာမေးပွဲပြီးတော့ အိမ်ပြန်သွားတာနဲ့ လုံးလုံးကို မ၀င်ကြည့်ဖြစ်တော့ဘူး ဒါပေမဲ့ မလုပ်တတ် လုပ်တတ်နဲ့ အပင်ပန်းခံပြီး လုပ်ထားရတဲ့ ဘလော့လေးဆိုတော့လဲ မမေ့ဘူးဗျ အခု ညနေလဲ တယောက်ထဲထိုင်နေတာ ပျင်းပျင်းရှိတာနဲ့ ဘာလုပ်ရင်ကောင်းမလဲ တွေးနေတာ ဘလော့လေးကို သတိရတာနဲ့ ပြန်ရေးလိုက်တာပါ ကျွန်တော် ပို့စ်အသစ်မတင်ပဲ ပစ်ထားခဲ့တဲ့ ဘလော့လေးကို လာလည်ပေးကြတဲ့ ဘလော့ဂါအကို အစ်မတွေ အားလုံးကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်
Wednesday, January 7, 2009
စိတ်ကူးယဉ်ပုံရိပ်များ
ဝှိုက် က tag ထားတာကြာပါပြီ
ကျွန်တော်လဲ ကျောင်းကပိတ်ထားတော့ အရင်တုန်းက ဂိမ်းမဆော့ရတာ အတိုးချပြီးဆော့နေတာနဲ့ ဘလော့လေးကို လှည့်မကြည့်ဖြစ်ဘူး အခုမှရေးဖြစ်တာ မလေးစားသလိုဖြစ်သွားရင် တောင်းပန်ပါတယ်နော်
ကျွန်တော်က အသက်သာ ၂၀ ကျော်နေတာ (ကြေညာဝင်ခြင်း ဟီး) အခုထိ ကလေးလိုပဲ ဂိမ်းဆော့တယ်ဆို ထမင်းမေ့ ဟင်းမေ့ဆော့တာ အချိန်မကြည့်လို့ ထမင်းဆိုင်ပိတ်ပြီး ညစာမစားရတဲ့ညတွေက လဲမနည်းတော့ဘူး ဟီး ပြောချင်တာတွေ လျှောက်ပြောနေတာ လိုရင်းမရောက်တော့ဘူး
စိတ်ကူးယဉ်တော့မယ်နော်
စိတ်ကူးယဉ်တော့မယ်ဆိုတော့ စဉ်းစားမိတာလေးတခု ရှိတယ်
ငယ်ငယ်တုန်းက အသက် ၁၆ ၁၇ လောက်တုန်းက စိတ်ကူးတွေနဲ့ အခုစိတ်ကူးတွေက မတူတော့ဘူးဗျ
စကားကြီးစကားကျယ်ပြောတာတော့ ဟုတ်ပါဘူးဗျာ
ဒါပေမဲ့ ငယ်ငယ်တုန်းက ဘာစိတ်ကူးယဉ်မလဲဆိုရင်
ကိုယ်ကြိုက်တဲ့ကောင်မလေးအကြောင်းတို့ ဆိုင်ကယ်တို့ပေါ့ဗျာ
ကျွန်တော်က မန္တလေးသားဗျ မန္တလေးမှာမွေးတာတော့ ဟုတ်ပါဘူး
ဒါပေမဲ့ ၅ တန်းကစပြီး မန္တလေးမှာကျောင်းတက်ခဲ့တာ အသက် ၂၀ ထိပေါ့ဗျာ
တော်တော်ကြာကြာလေးနေခဲ့တာ ပြီးတော့ မန္တလေးကိုကြိုက်လို့ဗျ
မနက် ကျောင်းသွားတိုင်း ဆောင်းတွင်းဆို နှင်းတွေ မြူတွေဆိုင်းနေတဲ့ ကျုံးနဲ့နန်းတော်ရဲ့ မြင်ကွင်းဟာ ကျွန်တော်အကြိုက်ဆုံးရှုခင်းတွေပေါ့ဗျာ မနက်စောစော ဆိုင်ကယ်လေးစီးပြီး ကျောင်းသွားရတဲ့ အရသာဟာ ဘာနဲ့မှလဲလို့မရဘူးဗျ
အဲဒီတော့ အဲဒီအရွယ်တုန်းက ဆိုင်ကယ်ကို စိတ်ကူးယဉ်တယ်ဗျာ ဘယ်ဆိုင်ကယ်ကို ငါစီးရရင်ကောင်းမှာပဲပေါ့
လူငယ်ဘ၀က စိတ်ကူးတွေပေါ့ဗျာ
ဘယ်ကောင်မလေးက ငါ့ရည်းစားဖြစ်ရင်ကောင်းမယ်ပေါ့ ဟီးဟီး
နည်းနည်းတော့ အူကြောင်ကြောင်နိုင်တယ် ဒါပေမဲ့ သူ့အရွယ် သူ့ခံစားချက်ပေါ့ဗျာ
၁၆ ၁၇ တုန်းက နှလုံးသားနဲ့စိတ်ကူးယဉ်တယ် ဖြစ်သင့်တာထက် ဖြစ်ချင်တာတွေ များတဲ့စိတ်ကူးတွေပေါ့ဗျာ
အခုအရွယ်ကျတော့ အသက် ၂၀ ကျော်လောက်ကျတော့ စိတ်ကူးတွေက နည်းနည်းလက်တွေ့ဆန်သွားပြီဗျ
အမေ့အိမ်မှာနေတုန်းက လောကအကြောင်းဘာမှမသိ အချိန်တန်ရင် အမေခူးကျွေးတဲ့ထမင်းစားပြီး
ပေါ့တယ် ငန်တယ်ပြောပြီး နေခဲ့တာ အခုတော့ တယောက်တည်းနေပြီး ရေတောင် ကိုယ်မထည့်ရင် သောက်စရာမရှိတဲ့ ဘ၀ဆိုတော့ လောက အကြောင်းတစေ့တစောင်းတော့ သိလာပြီပေါ့ဗျာ
လောကနဲ့ယှဉ်ပြီး ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေတာ အခုထိအိမ်က ပို့ပေးတဲ့ပိုက်ဆံထိုင်သုံးနေဆဲပါပဲ ဟီး
ပြောချင်တာတွေပြောနေတာ ဆိုလိုရင်းမရောက်တော့ဘူး (၂ ခါရှိပြီ ) ကျွန်တော်က အဲဒီလိုပဲ စကားတခွန်းကို လိုရင်းရောက်အောင်မပြောတတ်ဘူး ဝေ့လည်ကြောင်ပတ်နဲ့ ရောက်ချင်တာတွေ ရောက်ရောက်သွားတတ်တာ ဟီး
အခုတကယ်စယဉ်ပြီနော်
....................................................
အခုကျွန်တော် ကျောင်းပြီးဆိုပါတော့ဗျာ
ဒီနေ့အောင်စာရင်းထွက်တယ်ဗျာ မနက်ကျတော့ အလုပ်ခေါ်စာ ၃ ခုက အီးမေးထဲရောက်နေတယ်
ဖွင့်ကြည့်တော့ ပထမအလုပ်က လခ ၃၀၀၀ ဒုတိယအလုပ်က ၂၅၀၀ တတိယအလုပ်က ၂၀၀၀
(အများကြီးတော့ မှန်းတော့ဘူး ဟီး)
အဲဒါနဲ့စဉ်းစားကြည့်မိတာပေါ့ဗျာ
၃၀၀၀ အလုပ်ကို လုပ်ရင် နည်းနည်းပင်ပန်းမယ် ဒါပေမဲ့ပိုက်ဆံတော့များများရမယ်
၂၀၀၀ အလုပ်ကို လုပ်ရင် လူတော့နည်းနည်းသက်သာမယ် ဒါပေမဲ့ပိုက်ဆံက နည်းနည်း နည်းတယ်ဗျ
၂၅၀၀ အလုပ်ကို လုပ်ရင် လူလဲသိပ်မပင်ပန်းဘူးပေါ့ဗျာ ပိုက်ဆံလဲမဆိုးဘူးပေါ့ဗျာ
(နည်းနည်းတော့ အူကြောင်ကြောင်ဆန်တဲ့အတွေးနော် ဟီး)
အဲဒါနဲ့ ၂၅၀၀ အလုပ်ပဲ ၀င်လုပ်လိုက်တယ်ဗျာ
မဆိုးပါဘူး (ဘာလုပ်ရတာလဲဆိုတာတော့ တွေးမကြည့်ရသေးဘူး နောက်မှစဉ်းစားကြည့်မယ်)
လူလဲသိပ်မပင်ပန်းဘူး
ကျွန်တော် ၁ ယောက်စာက ၂၅၀၀ ဆိုပိုတောင်နေသေးတယ်
ပထမဆုံးလခထဲက ၁၀၀၀ ကို အဖေနဲ့အမေ့ကို ပို့ပြီးကန်တော့မယ်ဗျာ
အမေတို့ပို့ပေးခဲ့တဲ့ဟာတွေနဲ့ စာရင်တော့ မြူမှုန်လောက်ပဲရှိပါတယ်
ဒါပေမဲ့ မိဘဆိုတာ နည်းတယ်များတယ် ကြည့်တာမဟုတ်ပါဘူးဗျာ
သားသမီးက သိတတ်တယ်ဆိုတာလေးကိုပဲ လိုချင်ကြတာပါ
ဒါပေမဲ့မသိတတ်လဲ အပြစ်ဆိုမှာ မဟုတ်ပါဘူးဗျာ
ဆက်ပြောမယ်နော်
အဲဒီလိုအလုပ်လုပ်ရင်း ၁ နှစ်လောက်နေတော့ ထီပေါက်တယ်ဗျာ
(ဘယ်လောက်လဲတော့ အတိအကျမှန်းမကြည့်ရသေးဘူး ဟီး နည်းနည်းတော့များတယ်)
ထီပေါက်တဲ့ပိုက်ဆံကို အဖေနဲ့အမေရဲ့ ဘဏ်အကောင့်ထဲကို တ၀က်ထည့်ပေးမယ်
ပိုတဲ့ပိုက်ဆံကို မန္တလေးမှာ ခြံလေးတကွက်ဝယ်မယ်
ဆိတ်ငြိမ်ရပ်ကွက်လေး ထဲမှာပေါ့
လူကြီးတွေက ဆူသံညံသံသိပ်မကြိုက်ကြဘူးလေ
ပြီးရင် တထပ်အိမ်လေး တလုံးဆောက်မယ်
အိမ်လေးကို အပြာနုရောင်ဆေးလေး သုတ်မယ်
အိမ်လေးထဲမှာ ရေကန်လေးထားမယ် အဲဒီထဲမှာ ကြာပင်လေးတွေစိုက်မယ်
ခြံထဲမှာ နှင်းဆီပင်လေးတွေ စိုက်ထားမယ် (အမေကို နှင်းဆီကြိုက်တယ် ပန်းတွေပွင့်ရင် ဘုရားမှာပူဇော်ရတာပေါ့ ကုသိုလ်လဲရတယ်)
ပြီးရင် စံပယ်ပင်လေးတွေလဲ စိုက်ထားမယ်
မနက်စောစော စံပယ်ပန်းလေးတွေပွင့်တာ ကြည့်ရတာ အရမ်းစိတ်ကြည်နူးဖို့ကောင်းတယ်
ဒါပေမဲ့ အပင်တွေတော့အများကြီး မစိုက်ဘူး
မြွေတွေဘာတွေ ရှိမှာစိုးလို့
ပြီးရင် ခွေးလေးတကောင်မွေးမယ်
အိမ်လဲ ညရေးညတာ အစောင့်ရတာပေါ့
နောက်ပြီးတော့ ကျွန်တော့်အခန်းလေးထဲမှာ မှန်ကန်လေးနဲ့ အိမ်ဂျယ်ငါးလေး နှစ်ကောင်မွေးထားမယ်
စကားမစပ်ပြောရဦးမယ်
ကျွန်တော်က ငါးလေးတွေမွေးရတာ ၀ါသနာပါတယ်
မန္တလေးမှာတုန်းက ငါးတွေမွေးထားတာ အများကြီးပဲ
အခုတော့ အခြေအနေအရ မမွေးနိုင်ပါဘူးဗျာ
ရွှေငါးတော့ မမွေးတော့ဘူး ဒီကောင်တွေက အစားလဲကြီးတယ် ပြီးတော့ မစင်တအားစွန့်တာ
ခဏနေရင် ကန်ကညစ်ပတ်နေပြီ
ခဏခဏ ရေလဲပေးရတယ်
အိမ်ဂျယ်လေးတွေကျတော့ ရွှေငါးတွေလောက် အစားလဲမကြီးဘူး
ငြိမ်ငြိမ်လေးကူးပြီး ရေကလဲ တလတခါတောင် လဲပေးစရာမလိုဘူး
တခါတလေစိတ်ညစ်ရင် ငါးကန်လေးရှေ့မှာ ၁ နာရီလောက်ထိုင်ပြီး ကြည့်နေလိုက်ရင်
စိတ်ညစ်တာတွေ ပျောက်သွားရော
အဲဒါကြောင့် ငါးကန်လေးတော့ထားမယ်
အဲဒါနဲ့ စကားမစပ်ပြောဦးမယ် ဟီး
ကျွန်တော်တခါက ငါးတွေရောင်းတဲ့ဆိုင်က ဦးလေးကြီးကို မေးကြည့်ဖူးတယ်
ဒီလို ကန်ထဲမှာလှောင်ထားတာ အကုသိုလ်မရဘူးလားလို့ပါ
သူကပြောတယ် ဒါသူတို့သဘာဝပဲလေတဲ့
မင်း သူတို့ကို သနားလို့ မြောင်းထဲသွားလွတ်ကြည့်ပါလား
ညစ်ပတ်နေတဲ့ရေထဲမှာ တနာရီတောင်မခံဘူး ချက်ချင်းသေမှာတဲ့
သူပြောတော့ ဟုတ်သလိုတော့ရှိသား
စာဖတ်သူတော့ ဘယ်လိုမြင်လဲ မသိဘူး
ပြောရင်းနဲ့ လိုရင်းပျောက်ပြန်ပြီ
ဆက်ပြောမယ်နော် ဟီး
ပြီးရင် အိမ်မှာ မနက်တိုင်းဆွမ်းခံကြွဖို့ အမေတို့ကိုးကွယ်တဲ့ဘုန်းကြီးကျောင်းက ကိုယ်ရင်နှစ်ပါးလောက် သွားပင့်မယ်
မနက်စောစော အိမ်ကိုဆွမ်းခံကြွတဲ့ ကိုယ်ရင်လေးတွေကို ဆွမ်းလောင်းရတာ တကယ်ကြည်နူးဖို့ကောင်းတယ်
ကိုယ်ရင်လေးကို ပင့်ရတဲ့အကြောင်းက ဦးဇင်းကြီးတွေက ဆွမ်းသိပ်မရှားဘူးဗျာ
ကိုယ်ရင်လေးတွေကျတော့ အသက်ကလဲငယ်
ပြီးတော့ သာသနာကိုကြည်ညိုလို့သာ အမိအဖတွေနဲ့ခွဲပြီး လာနေနေကြတာ
များသောအားဖြင့်က ရွာကလာကြတာများတယ်ဗျာ
အဲဒီတော့ များသောအားဖြင့် ကိုယ်ရင်လေးတွေက ဆွမ်းရှားတယ်ဗျ
ကိုယ်ရင်လေးတွေကို ဆွမ်းလောင်းတော့ အိမ်လဲကုသိုလ်ရ
ကျွန်တော်လဲ ကုသိုလ်ရတာပေါ့ဗျာ
ပြီးတော့ ကျွန်တော့်မန္တလေးအိမ်နားက ကားဂိတ်က ဦးရှမ်းကြီးကို ကားမောင်းဖို့ခေါ်ထားမယ်
ဦးရှမ်းဆိုတာ အသက် ၄၅ နှစ်လောက်ရှိပြီ
ကျွန်တော့်ကို အရမ်းခင်တာ သူ့ညီလေးလိုပဲ လိုတာအကုန်လုပ်ပေးတယ်
ပိုက်ဆံလိုချင်လို့ ဟုတ်ဘူးနော် စေတနာသက်သက်နဲ့ကို ကူညီတာ
အရက်မသောက် ဆေးလိပ်မသောက် တကယ်လူကောင်းကြီး
သူ့ကိုခေါ်ထားတော့ အိမ်မှာလူကြီးအစောင့်လဲရတယ်
ကျွန်တော်က အလုပ်ကိစ္စတွေရှိနေတော့ သွားလိုက်ပြန်လိုက်ဆိုတော့ အိမ်မှာသိပ်နေနိုင်မှာမဟုတ်ဘူး ဟဲဟဲ
အဖေကလဲ လားရှိုးမှာဆိုတော့ အိမ်မှာ ယောကျာ်းတယောက်ရှိတာ
အားကိုးရတာပေါ့ဗျာ
ပြီးတော့ အသက် ၄၀ လောက်ရရင်တော့ မြန်မာပြည်မှာပဲပြန်နေတော့မယ်ဗျာ
ဘယ်နေရာတွေ ဘယ်လောက်တိုးတက်တယ်ပဲပြောပြော
ကိုယ့်တိုင်းပြည်လေးပဲ ကိုယ်ချစ်တယ်ဗျာ
အသက်ကြီးရင်တော့ မြန်မာပြည်မှာပဲ ပြန်နေမယ်
အမေတို့ အဖေတို့လဲ အသက်ကြီးပြီတော့ မိဘနားမှာပဲ နေပြီးစောင့်ရှောက်ချင်တယ်ဗျာ
ပြောမယ့်သာပြောရတာ အိမ်မှာ ကျွန်တော်က ကလေးပေမယ့် တခုတခုကိစ္စဆို ကျွန်တော်ပဲလုပ်ပေးနေကျ
လက်တိုလက်တောင်း မီးစက်ပြင်ပေါ့ဗျာ အဲဒီလိုလေးတွေလုပ်ပေးနေကျ
တခါတခါ အမေဖုန်းဆက်ရင်ပြောတယ် ငါ့သားမရှိတာ အမေအပြင်သွားရင်တောင် လိုက်ပို့ပေးမဲ့သူ မရှိတော့ဘူးတဲ့
အသက် ၃၀-၃၅ လောက်ကျရင်တော့ အဖေ အမေ အနားမှာပဲနေတော့မယ်ဗျာ
သြော်တခုကျန်သေးတယ်
အိမ်ထောင်လား ဟီး ဒါကတော့ အမေပေးစားရင်တော့ယူမယ်
ကိုယ့်အစွမ်းအစနဲ့ကတော့ ဂိမ်းထဲကကောင်မလေးပဲရမှာ ဟီးဟီး
အမေမပေးစားတော့လဲ လူပျိုကြီးပေါ့ဗျာ ဒါလဲတမျိုးကောင်းပါတယ်
အပူအပင်မရှိတော့ဘူးပေါ့
ဒါကတော့ ကျွန်တော်စိတ်ကူးလေးတွေပါ
ဝှိုက်ရေ ရေးလိုက်ပြီနော်
အကြာကြီးနေမှ ရေးတာ မလေးစားလို့ဟုတ်ဘူးနော်
အခုမှစိတ်ကူးလေးရလို့
စဉ်းစားနေတာတော့ကြာပြီ
အခုမှ စိတ်ကူးရလို့ ထရေးလိုက်တာ
ဒါကတော့ ကျွန်တော်ချစ်တဲ့ အိမ်ဂျယ်ငါးလေးပါ
နှစ်ကောင်တွဲပုံရှာတာ မတွေ့လို့
Wednesday, December 24, 2008
စာမျက်နှာတစ်ဆယ့်ငါး
အတိတ်တွေက မှုန်ဝါးပေမယ့်
ငါတို့နှစ်ဦး ဇာတ်လမ်းမှာ တချို့နေရာက
အကောင်းအတိုင်းရှိနေဆဲပါပဲ
ဟိုတကွက် ဒီတကွက် ပိတ်သားထက်
အရင်လို ကြည့်မကောင်းပေမဲ့ မြင်ရတယ်
အဓိပါယ်မရှိတာ သိပေမယ့်
တခါတလေ တိုက်ဆိုက်မှုတွေ ရှိလာတော့လဲ
အမှတ်တမဲ့ မင်းကို လွမ်းပါတယ်
အပေါ်ယံ ရှပ်ထိသော ဒဏ်ရာမဟုတ်တော့
လွယ်ကူစွာနဲ့ / လွယ်လွယ် ငါ မေ့မရဘူးကွယ်
တွေ့ရင် မှတ်မိဦးမယ် ထင်ပါတယ်
နှစ်တွေ လတွေက အတော်ကြာပြီပဲ
ဘယ်ဆီကို မင်း ရောက်နေမလဲ
ဘာတွေကို မင်း လုပ်နေမလဲ
ဘယ်သူနဲ့ မင်း ရှိနေမယ်
တွေးမိပါတယ် ပြန်လွမ်းမောရင်းနဲ့
ပြန်စဉ်းစားရင်းနဲ့ သတိရပါတယ်
ဘာတွေကို မင်း လုပ်နေမလဲ
ဘယ်သူနဲ့ မင်း ရှိနေမယ်
တွေးမိပါတယ် ပြန်လွမ်းမောရင်းနဲ့
ပြန်စဉ်းစားရင်းနဲ့
တခါတလေ ငါ သတိရပါတယ်
(ကိုလေးဖြူရဲ့ နောက်ဆုံးခွေထဲက သီချင်းလေးပါ အရမ်းကြိုက်လို့တင်ပေးလိုက်ပါတယ် ဟီး စာရေးစရာမရှိလို့ လျှောက်လုပ်တာလဲ နည်းနည်းပါတယ်)
Monday, December 22, 2008
စာရေးရန်ခေါင်းစဉ်ရှာခြင်း
ဒီလ ၁၅ ရက်နေ့ကစပြီး စာမေးပွဲတွေပြီးပြီဗျာ အဲဒါနဲ့အရင်တုန်းက သိပ်မဆော့ရတဲ့ဂိမ်းကို အခုအတိုးချဆော့နေလို့ စာသိပ်မရေးဖြစ်တာ (လျှောက်ပြောတာ စာမေးပွဲရှိလဲ နည်းနည်းတော့ဆော့တာပဲ ဟီး) စာမရေးဖြစ်ပေးမဲ့ ဘလော့လေးကိုတော့ နေ့တိုင်းဝင်ကြည့်ဖြစ်ပါတယ် ပြီးတော့ စာရေးတာကလဲ အကြောင်းအရာတခုခုကို ခံစားပြီးရေးမှ ရေးစရာကထွက်လာတာ (ဤနေရာတွင် လေသံသည် နည်းနည်း ဆရာကြီးဂိုက်ဖမ်းလိုက်သည်) အခုက အပြင်လဲသိပ်မသွားဖြစ်တော့ ရေးစရာအကြောင်းအရာလဲ သိပ်မတွေ့ဘူးဖြစ်နေတယ် ဒီနေ့တော့ အပြင်သွားစရာကိစ္စလေး တခုပေါ်လာတယ် ပြန်လာရင်တော့ ရေးစရာ အကြောင်းတခုခုလောက်တော့ရမယ်ထင်တာပဲဗျာ ကျွန်တော့်ဘလော့လေးကို အသစ်မတင်လဲ လာလည်ပေးတဲ့ ဘလော့ဂါနောင်တော်ကြီး အစ်မတော်ကြီးအပေါင်းကို ကျေးဇူးတင်ပါတယ်ဗျာ
Monday, December 15, 2008
ဗိုက်ဆာနေလား ဟီး
ဒီနေ့ အိမ်သာ ထဲလျှောက်သွားရင်းတွေ့တဲ့ပုံလေးပါ
ဂျီတော့ထဲမှာတော့ သူငယ်ချင်းတွေကို လိုက်ပေးပြီး ဒုက္ခပေးပြီးသွားပြီ ဟီး
လောလောဆယ် ကျွန်တော်လဲဗိုက်ဆာနေတာ ပိုဆာသွားပြီ
ဘယ်သူတွေဘာပဲပြောပြော ညစ်ပတ်တယ်ပြောပြော ယင်ကောင်တွေနဲ့ပဲပြောပြော ဒီလိုဒုတ်ထိုးဆိုင်လေးမှာ ထိုင်စားရတာ လုံးဝမိုက်တယ်ဗျာ ဆိုင်ကထည့်ပေးတဲ့ဟင်းရည်လေး သောက်လိုက် ကြက်သွန်ဖြူလေးကိုက်လိုက် ဒုတ်ထိုးလေးစားလိုက်နဲ့ ဟီး ပြောရင်းနဲ့တောင်စားချင်လာပြီ ပြီးတော့ အဲဒီလို ခုံပုပုလေးတွေနဲ့ ထိုင်စားရတဲ့ အရသာက ဘာနဲ့မှမလဲနိုင်ဘူးဗျ အရမ်းမိုက်တာ
နောက်ပြီး လူငယ်တွေအကြိုက်ဆုံးက လက်ဖက်ရည်ဆိုင်ပေါ့ဗျာ ကျွန်တော်ဆို အဲဒီခုံပုပုလေးတွေ ရှိတဲ့ဆိုင်ပဲရွေးထိုင်တာ ပြီးတော့ ဂျီးတက်နေတဲ့ ရေနွေးကြမ်းခွက်လေးနဲ့ ရေနွေးအိုး ၅ အိုးလောက်ကုန်အောင်ထိုင်သောက် သူငယ်ချင်းတွေနဲ့ ဗရုတ်သုတ်ခတွေ လျှောက်ပြောနဲ့ လုံးဝဖီးဗျာ
ဘယ်လောက်ကြီးပဲတိုးတက်တယ်ပြောပြော သန့်ရှင်းတယ်ပဲပြောပြော ဒီမှာရေနွေးကြမ်းမပြောနဲ့ ရေတောင်အလကားတိုက်တဲ့ဆိုင်မရှိဘူး ရုပ်ဝတ္ထုတွေတိုးတက်ပေမဲ့ စိတ်ဓါတ်တွေက နောက်ပြန်ဆွဲနေတော့ ဘာအဓိပါယ်ရှိမှာလဲဗျာ
ဟိုနေ့က ရထားစီးတုန်းကတွေ့ခဲ့တာလေး တခုကိုပြောပြချင်ပါတယ်
စကားစပ်မိလို့ပါ
အဲဒီနေ့က နေ့လည်ဘက် ကျောင်းကစာမေးပွဲဖြေပြီးပြန်လာတာပေါ့ဗျာ
အရင်တုန်းက ဆိုရင်တော့ ကျောင်းဆင်းရင် အိမ်တန်းမပြန်ဘူး သူငယ်ချင်းတွေနဲ့ လျှောက်သွားသေးတယ်
အဲဒီနေ့ကတော့ အိပ်ရေးကလဲပျက်နေတော့ အိမ်တန်းပြန်ခဲ့တာ
(ပြောရင်းနဲ့ ဆိုလိုရင်းတောင်ပျောက်သွားပြီ ဆက်ပြောမယ်နော် ဟီး)
အဲဒါနဲ့ရထားစီးကြတာပေါ့ဗျာ (ဂျုန်း ဂျုန်း ဂျက် ဂျက်)
နေ့လည်ဘက်ဆိုတော့ရထားကြီးက အချောင်ကြီးပေါ့ဗျာ
ဒါပေမဲ့စိတ်ထဲမှာ သိပ်ဘ၀င်မကျတာလေး တခုတွေ့ခဲ့တယ်
ကောင်လေးတယောက်ထိုင်နေပုံပါ
အသက်က ၂၀-၂၂ ကျွန်တော်တို့အရွယ်ပေါ့ (ကြေညာဝင်တာ ဟီး)
သူ့က ခြေထောက်ကို ချိတ်ထိုင်နေတာဗျာ
သူ့ဘေးက အဒေါ်ကြီး မျက်နှာနားရောက်တော့မယ်
ဒီလိုမြင်ကွင်း သူတို့လူမျိုးတွေအတွက် အထူးအဆန်းမဟုတ်တော့ပေမယ့်
မြန်မာလူမျိုးတစ်ယောက်မျက်စိထဲမှာတော့ တော်တော်ကြည့်ရဆိုးတယ်ဗျာ
ရုပ်ဝတ္ထုတွေတိုးတက်မှုအောက်က လူတွေရဲ့စိတ်ဓါတ်ရေးရာ အခြေအနေလေးတခုပါ
ငွေမျက်နှာတခုကိုပဲကြည့်တဲ့လူမျိုးတွေဆီမှာ လူကြီးကိုလေးစားရမယ်ဆိုတဲ့ လောကနိယာမ ကိုသွားပြောနေလို့လဲ ကျွဲပါးစောင်းတီး ဖြစ်နေမှာပဲ
ဘယ်လောက်ပဲဆင်းရဲဆင်းရဲ မြန်မာဆိုတာ ကမ္ဘာပေါ်မှာအယဉ်ကျေးဆုံးလူမျိုးပါ
မြန်မာလူမျိုးတယောက်ဖြစ်တဲ့ ကိုယ့်ကိုကိုယ်လဲဂုဏ်ယူပါတယ်
(စကားမစပ် အိမ်သာ ဆိုတာ Friendster လိုမျိုး site ပါ မြန်မာလူမျိုးတွေအတွက် မြန်မာလူမျိုးတွေ လုပ်ထားတဲ့နေရာလေးပါ)
ပြောရင်းနဲ့ ၀က်သားဒုတ်ထိုးတောင်စားချင်လာပြီ ဟီး ကယ်ကြပါ
Thursday, December 11, 2008
ဘဂ်လားပင်လယ်အော်
ကျွန်တော်တို့ရဲ့ rocker ကြီးကိုလေးဖြူရဲ့ ဘဂ်လားပင်လယ်အော် album ထွက်ရှိလာပါပြီ
ကိုလေးဖြူရဲ့ ပရိသတ်တွေ အတွက်တော့ ၀မ်းသာစရာပါ
နားဆင်ချင်တယ်ဆိုရင်တော့ ဘဂ်လားပင်လယ်အော် ကိုသွားလိုက်ပါ
Monday, December 8, 2008
ရထားသူရဲနှင့်ဓါတ်ပုံရိုက်ခြင်း
၃၁ ဘုံမှာကျင်လည်နေတဲ့လောကသားတွေထဲမှာ သရဲ သစ္ဆေ ပြိတ္တာတို့က လူနဲ့အနီးစပ်ဆုံးပဲဖြစ်ပါတယ် လူပတ်ဝန်းကျင်မှာ နေထိုင်သွားလာလှုပ်ရှားနေကြတယ်ဗျ ဒီလိုသွားလာနေကြတော့ တခါတလေတော့လဲ ဆုံဖြစ်ကြတာပေါ့ဗျာ သရဲ သစ္ဆေတွေ ကိုယ်ထင်ပြရတဲ့အကြောင်းက ငတ်မွတ်လို့ စားစရာလိုချင်လို့ ဒါမှမဟုတ် ကျွတ်တန်းဝင်ချင်လို့ ကိုယ်ထင်ပြရတယ်လို့ တရားစာအုပ်တွေမှာတော့ဖတ်ဖူးပါတယ် ဒါပေမဲ့ တချို့သရဲတွေကြတော့လဲ လူတွေကိုနှောက်ပြောင်ချင်လို့ ကိုယ်ထင်ပြခြောက်လှန့်တာလဲရှိကြပါတယ် ဒီလိုခြောက်လှန့်ခံရတဲ့အထဲက ကိုယ်တွေ့ကြုံခဲ့တာလေးကို ပြောပြချင်ပါတယ်
လွန်ခဲ့တဲ့ သောကြာနေ့ကပေါ့ဗျာ ဒန် တန် တန် (ဇာတ်လမ်းအစတီးလုံး)
အဲဒီနေ့ သူငယ်ချင်းတယောက်မွေးနေ့ပေါ့
ယောကျာ်းလေးတွေမွေးနေ့ပွဲလုပ်ရင် ထုံးစံအတိုင်းအသောက် အစားလေးတော့ ပါတာပေါ့ဗျာ ဒါကမပါမဖြစ်လေဗျာ အဲဒါနဲ့သူငယ်ချင်းတွေဆုံတိုင်း သောက်ကြစားကြ ဗရုတ်သုတ်ခတွေပြောကြပေါ့ဗျာ ကဲသာကဲနေရတယ် စာမေးပွဲက ကပ်နေပြီ စိတ်တော့သိပ်မဖြောင့်ဘူးပေါ့ဗျာ အဲဒီလိုနဲ့ပျော်ကြအော်ကြနဲ့ မိုးတော်တော်ချုပ်တော့ ပြန်ကြမယ်ပေါ့ ဒါနဲ့သူငယ်ချင်းတွေ လက်ဆွဲနှုတ်ဆက် ဘိုင့်ဘိုင့်တွေပြောကြတာက နာရီဝက်လောက်ကြာတယ် နှုတ်ဆက်ပြီးသားသူငယ်ချင်းလဲ ပြန်နှုတ်ဆက်ပေါ့ဗျာ (လူကတော်တော်ကောင်းနေပြီလေ ဟီး)
နောက်ဆုံးတော့ နှုတ်ဆက်ခြင်းကို အောင်မြင်စွာအဆုံးသတ်ပြီး ပြန်ခဲ့ကြတာပေါ့ဗျာ ပြန်တော့ရထားစီးပြန်ကြတာပေါ့ဗျာ (ဒါပဲစီးစရာရှိတာလေ တက္ကစီကမစီးနိုင်ဘူး ပိုက်ဆံမရှိလို့ ဟီး) ဒီနေရာမှာ နည်းနည်းပြောပြချင်ပါတယ် စလုံးက ရထားလိုင်း ၃ လိုင်းရှိတယ်ဗျာ အနီလိုင်းရယ် အစိမ်းလိုင်းရယ် ခရမ်းရောင်လိုင်းရယ် (ဟင် ၃ လိုင်းထဲလား) ဟုတ်တာပေါ့ဗျာ နိုင်ငံလေးက နို့ဆီဗူးလောက်ရှိတာကို ကျွန်တော်တို့နိုင်ငံလိုဆိုရင်တော့ လိုင်း ၃၀ တောင်မလောက်ဘူး (ကြေညာဝင်တာပါ ဟီး) လျှောက်ပြောနေတာနဲ့ ဆိုလိုရင်းတောင် ပျောက်သွားပြီ ဆက်ပြောမယ်နော်
အဲဒီ ၃ လိုင်းထဲမှာ ခရမ်းရောင်လိုင်းက နာမည်အကြီးဆုံးပဲ ဘာလို့လဲဆိုတော့ သရဲကိုကို သရဲမမတွေ ရှိလို့ပေါ့ဗျာ အဲဒီလိုင်းက ၁ ဘူတာဆိုရင် သူရဲခြောက်လွန်းလို့ ပိတ်လိုက်ရတယ်ဆိုပဲ သူများပြောပြတာပါ ပြီးတော့ အဲဒီလိုင်းက လူမမောင်းရဲဘူးတဲ့ ဘာလို့လဲဆိုတော့ ဘူတာတွေရောက်ရင် လူမရှိလဲ ခေါင်းပြတ်ခြေပြတ် သရဲတွေက ထွက်ထွက်ပြီးတားလို့တဲ့ အဲဒီရထားပေါ်မှာ ညဘက်ပြန်လို့ ဓါတ်ပုံတွေဘာတွေ ရိုက်ရင် နောက်မှာသရဲပုံတွေ ပါလာတတ်တယ်လို့လဲ ပြောကြတယ် ကျွန်တော်ကတော့ လက်တွေ့မကြုံဖူးတော့ ယုံဘူးပေါ့ဗျာ အဲဒီရထားစီးတိုင်းလဲ အကုန်လျှောက်ရိုက်တာ (ဓါတ်ပုံပါ) သူများတွေ ပြောသလို သူရဲပုံပါမလားလို့ပါ တခါမှတော့ မပါဖူးဘူး
ဒီတခါတော့ ကံဆိုးတာလား ကံနိမ့်တာလား လူကပဲ သူရဲခြောက်ချင်နေစရာကောင်းနေလို့လားတော့ မသိဘူး ကြုံဖူးသွားပြီ အဲဒီနေ့က ပြန်တော့ ရထားကြီးကရှင်းနေတယ် လူလဲသိပ်မရှိတော့ဘူး တတွဲလုံးမှ ကျွန်တော်တို့ သူငယ်ချင်းတွေအုပ်စု ၇ ယောက်လောက်ပဲ ရှိတယ် ကျန်တဲ့တွဲတွေတော့ ၁ ယောက်စ ၂ ယောက်စ ရှိတာပေါ့ဗျာ ဒီလိုနဲ့ပြန်တော့ ထုံးစံအတိုင်းဓါတ်ပုံရိုက်ကြတာပေါ့ဗျာ အဲဒီမှာ ဇာတ်လမ်းကစတာပဲ ရိုက်တုန်းကတော့မသိဘူး အေးဆေးပဲပေါ့ အကုန်လျှောက်ရိုက်ကြတာ ဒါနဲ့အေးဆေးပြန်ကြတာပေါ့ဗျာ
နောက်နေ့ရောက်တော့ သူငယ်ချင်းကဖုန်းဆက်တယ် "ဟေ့ကောင် မင်းတို့ပုံထဲမှာ သူရဲပါလာတယ်" တဲ့ ကျွန်တော်လဲအစကတော့ ယုံဘူးဗျ ဒီလိုပဲနောက်နေကြကို မယုံဘူး ပေါ့ ဒါနဲ့ ဒီကောင်က မယုံရင် ဓါတ်ပုံပို့ပေးလိုက်မယ်ဆိုတော့ အေးပေါ့ မဟုတ်ရင် မင်းတွေ့မယ်ပေါ့ ဒါနဲ့ သူပို့လာတဲ့ ပုံဖွင့်ကြည့်တော့ တကယ်ဗျို့ လူတောင် အဲဒီတော့မှနည်းနည်းကျောချမ်းသွားတယ် ဟီးဟီး
ဓါတ်ပုံထဲမှာ သူရဲမှသရဲအစစ်ဗျာ ပြီးတော့ ကျွန်တော်တို့သူငယ်ချင်းထဲမှာ အနက်ဝမ်းဆက်ဝတ်လာတာ ကောင်မလေး ၁ ယောက်ပဲပါတယ် အဲဒီကောင်မလေးကလဲ ၀၀တုတ်တုတ်လေး ဒီထဲကပုံက ပိန်ပိန်လေးဗျာ ပြီးတော့ သူထိုင်နေပုံက လူတယောက်စာတောင်မရှိဘူး ပိန်ပိန်လေး နံရံနဲ့ကပ်ထိုင်နေတာ မျက်နှာလဲသေချာမြင်ရဘူး ပြီးတော့ အဲဒီအချိန်တုန်းက ကျွန်တော်တို့အရှေ့မှ လူတယောက်မှမရှိဘူး သူငယ်ချင်းတွေက ဟိုဘက်ခုံတွေမှာထိုင်နေတာ တကယ်ပါဗျာ ခေါင်းကိုသေချာကြည့်ကြည့် လူတယောက်ရဲ့ခေါင်းဟာ အဲဒီလောက်သေးသေးလေးဖြစ်နိုင်ပါ့မလားဗျာ လုံးဝလက်ဖျားခါတယ် ပြီးတော့ ကိုယ့်ကိုကိုယ်လဲ နည်းနည်းဂုဏ်ယူသွားတယ် ငါ နာမည်ကြီးသူရဲနဲ့ ဓါတ်ပုံရိုက်ဖူးသွားပြီပေါ့ ဟဲဟဲ
ကျွန်တော်တို့နိုင်ငံမှာဆိုရင်တော့ အဲဒီလိုနာနာဘာဝတွေ တအားကြီးစိုးနေရင် ဘုန်းကြီးတွေနဲ့ ပရိတ်ရွတ်လိုက်ရင် မနေရဲတော့ဘူး ဒီမှာတော့ ဘုရားမရှိတရားမရှိဆိုတော့ ဖြစ်ချင်တိုင်းဖြစ်နေတာပေါ့ဗျာ ရှိတော့ရှိတယ်ဗျာ ဒါပေမဲ့များသောအားဖြင့်က ဘုရားတရားနဲ့ဝေးနေတာပါ ကျွန်တော်လဲအပါအ၀င်ပေါ့ စာမေးပွဲဖြေမှ ဘုရားရှိခိုးဖြစ်တာ အိမ်မှာဆိုရင်တော့ဗျာ မနက်တိုင်းဆွမ်းခံကြွတဲ့ ဦးဇင်းတွေနဲ့ ကျက်သရေရှိလိုက်တာဗျာ ဒီရောက်တော့မှ လူလဲဒိဌိဖြစ်နေပြီ အမေကတော့မှာပါတယ် ဘုရားတရားကိုမမေ့နဲ့တဲ့ ဒါပေမဲ့ လူငယ်ဆိုတော့လဲ ပြောတုန်းခဏတော့ လုပ်မယ်ပေါ့ဗျာ နောက်တော့လဲ ဒီပုံစံပဲ
ကျွန်တော်ပြောတာတွေရှည်သွားပြီနော် နောက်နေ့မှ ကြုံဖူးတဲ့သူရဲအကြောင်းလေးတွေဆက်ပြောပြမယ်နော် ပထမဆုံးစလုံးသရဲနဲ့ဓါတ်ပုံရိုက်ဖူးခြင်းပေါ့ဗျာ ဟီး
စက်ဝိုင်းထဲကပုံလေးကို သေချာကြည့်ကြည့်ပါ။
Saturday, November 29, 2008
မာန၊ အတ္တ နှင့် ဂုဏ်ဓနများ
မနေ့ညက စာလေးတပုဒ်ဖတ်လိုက်မိတာ ခေါင်းထဲကိုအတွေးတခုဝင်လာလို့ ဒီပို့စ်လေးကို ရေးလိုက်တာပါ
လောကမှာ ဂုဏ်ဓန၊မာန နှင့် ငွေ ဆိုတာဒွန်တွဲနေတယ်ဗျ ဂုဏ်ဓနရှိတဲ့သူကလဲ သူ့မှာရှိတဲ့ ဂုဏ်ဓနအလျှောက်မာနရှိကြတယ် ငွေရှိတဲ့သူကလဲ ငွေရှိတဲ့ဆိုတဲ့မာနလေးပေါ့ဗျာ
အဲ ဘာမှမရှိတဲ့သူကလဲ ဘာမှမရှိတဲ့အလျှောက်မာနလေးတော့ရှိကြတာပါပဲ ဒါပေမဲ့ ဓနဂုဏ်မောက်တယ် ဆိုတာက သိပ်ကောင်းတာမဟုတ်ဘူးဗျ ဒါတွေကအမြဲတည်မြဲနေမယ်လို့မှ ပြောလို့မရတာ
မတော်လို့ဗျာ မီးလောင်သွားလို့ ဖြစ်ဖြစ် ရေကြီးလို့ပဲဖြစ်ဖြစ် ကိုယ့်မှာရှိတဲ့စည်းစိမ် ဥစ္စာတွေ အကုန်ကုန်သွားပါပြီဆိုပါတော့ တချိန်က ကိုယ်နှိမ့်ချစွာဆက်ဆံခဲ့တဲ့ လူတွေနဲ့ တန်းတူအခြေအနေကိုရောက်သွားခဲ့ရင်.....................သို့မဟုတ် ထိုလူများထက်နိမ့်ကျသော အနေအထားသို့ရောက်ရှိသွားခဲ့ရင်...............
မဖြစ်နိုင်တာ ဒီကောင်တော့ညကောင်းကောင်းမအိပ်ပဲ ဂေါက်တောက်တောက်တွေ လျှောက်ရေးနေပြန်ပြီလို့ မထင်လိုက်ပါနဲ့ ဆူနာမီလိုလှိုင်းကြီးကို အရင်တုန်းကဘယ်သူက ဖြစ်နိုင်မယ်လို့ထင်မှာလဲ တကယ်လဲဖြစ်လာရော ရှိတဲ့မာနတွေ ဂုဏ်ဓနတွေ ငွေတွေ အသာထား ကိုယ်တောင်မနည်းအသက်ရှင်အောင်ပြေးကြရတာမလား
လူတချို့ရှိတယ်ဗျ ငါ့အဖေက ဘာမို့လို့ ငါတို့မှာပိုက်ဆံဘယ်လောက်ရှိလို့ ဆိုတဲ့မာနတွေနဲ့ လူတိုင်းကိုမတူသလိုမတန်သလို ဆက်ဆံတတ်ကြတယ် အဲဒီလိုလူတွေကိုကြည့်ပြီး သနားမိတယ်ဗျာ သူတို့မှာသူတို့မာနတွေ သူတို့ဂုဏ်ဓနတွေနဲ့ အတူတူ တဖြည်းဖြည်းလူအသိုင်းအ၀ိုင်းအပြင်ဘက်က သူတို့လိုမာနရှင်လူတန်းစားတွေ နဲ့အတူတူရောက်သွားတယ်ဆိုတာ သိလိုက်ကြမယ်မထင်ပါဘူး
ဆရာတယောက်ပြောတာမှတ်ထားဖူးပါတယ် တကယ်ကောင်းတဲ့စကားလေးပါ "ငါ့အဖေဆရာဝန် အင်ဂျင်နီယာ ပိုက်ဆံဘယ်လောက်ရှိတယ်ဆိုပြီး ဘ၀င်မြင့်မနေကြနဲ့ အဲဒါတွေကသူများဂုဏ်ကိုမှီပြီးဖြစ်နေတာ မင်းကိုယ်တိုင် ဆရာဝန် အင်ဂျင်နီယာမဟုတ်သေးဘူး ဆရာဝန့်သားသမီး အင်ဂျင်နီယာသားသမီးပဲဖြစ်သေးတာ ကိုယ်ကိုယ်တိုင် ဖြစ်အောင်လုပ်ပြီး ကိုယ့်ဂုဏ်နဲ့ကိုယ်နေနိုင်မှမြင့်ချင်မြင့်ကြ " တဲ့ သိပ်ကောင်းတဲ့စကားလေးပါ ကြာတော့ကြာပါပြီ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကဆရာတယောက်ပြောခဲ့တာပါ အကောင်ကြီးကြီးရဲ့သားတယောက် ဆရာကအတန်းနောက်ကျလို့ဆူတာကို မချေမငံပြောပြီး အပြင်ထွက်သွားတုန်းက ဆရာပြောခဲ့တဲ့စကားလေးပါ ကျွန်တော်တသက်လုံးအမှတ်ရနေမဲ့စကားလေးပါ
ဒါတွေပြောနေတော့ ဒီကောင်တော့ ကိုယ့်ထက်မြင့်တဲ့ ချမ်းသာတဲ့လူတွေကို မနာလိုဖြစ်ပြီး ရေးနေပြန်ပြီလို့တော့မထင်လိုက်ပါနဲ့ ကျွန်တော်က အတတ်နိုင်ဆုံးဓနဂုဏ်တွေ မာနတွေနဲ့ခပ်ဝေးဝေးမှာနေချင်တဲ့လူပါ လောလောဆယ်လဲဘာမှမရှိပါဘူးဗျာ ကွန်ပြူတာသေးသေးလေးတလုံးရယ် ပိုက်ဆံလေးတချို့ရယ်ပဲရှိတယ် တော်ပြီပေါ့
ဒီလောက်ဆိုလဲ
ကိုယ့်ကိုယ်ကိုဖေါ် မသူတော်တဲ့ ငါမသူတော်ကြီးဖြစ်နေပြန်ပြီလား မသိဘူး ဟီးဟီး ဘာလုပ်မှာလဲဗျာ
မာနတွေခဏလောက် ခ၀ါချပြီး လွတ်လွတ်လပ်လပ်လေး တချက်လောက်ပြုံးကြည့်လိုက်ပါ လောကကြီးကပျော်စရာကောင်းသွားပါလိမ့်မယ်
ခဏတာပဲနေရတဲ့ဘ၀ကြီးကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ
Tuesday, November 25, 2008
ကျေးဇူးတင်လွှာ
ဒီနေ့ စာလေးတပုဒ်လောက်ရေးချင်တာ ရေးစရာအကြောင်းက ခေါင်းထဲကမထွက်ဘူး
ဒါနဲ့ ညနေအိမ်ကိုဖုန်းဆက်ရင်း ညီမတယောက်ပြောတဲ့ အကယ်ဒမီပေးပွဲဆိုတာ သတိရတာနဲ့ ဒီပိုစ့်လေးကို ရေးလိုက်တာပါ
ဘာဆိုင်လို့တုန်းဟ ဆိုင်တာပေါ့ဗျာ အကယ်ဒမီပေးပွဲမှာ အကယ်ဒမီရရင် ကျေးဇူးတင်စကားပြောတယ်လေ ကျွန်တော်က အကယ်ဒမီတော့မရပါဘူး ရမှာလဲမဟုတ်ပါဘူး ဘာလို့လဲဆိုတော့ မင်းသားမှမဟုတ်တာဗျ ဟုတ်တယ်မလား စိတ်ထဲပေါ်တာတွေလျှောက်ပြောနေတာနဲ့ ရေးမယ့်အကြောင်းအရာတောင် ဘယ်ရောက်သွားလဲမသိဘူး
အတည်ရေးတော့မယ်နော်
(အကယ်ဒမီပေးပွဲကလိုဖြစ်သွားရင်တော့ ကြိုပြီးတောင်းပန်တယ်နော် ဟီး)
ပထမဆုံးကျေးဇူးတင်ချင်တာကတော့ ကျွန်တော့်ကိုဒီအရွယ်ထိရောက်အောင် ကျွေးမွေးပညာသင် ကျွန်တော်ဆိုးသမျှကိုသည်းခံတဲ့ အဖေနဲ့အမေကိုပါ (အခုနိုဝင်ဘာလမှာ အမေ့မွေးနေ့ မကန်တော့လိုက်ရဘူးဗျာ ဒီကနေပဲဦးချလိုက်ပါတယ် အမေရေ)
နောက်ပြီး ကျွန်တော်ဘလော့စရေးတုန်းက မေးသမျှကိုစိတ်ရှည်ရှည်နဲ့ ဖြေပေးတဲ့ ဆရာအောင်ဇော်ဌေး
ကျွန်တော့်ပထမဆုံးဘလော့ (အခုအပြင်လွန်လို့ပျက်သွားပါပြီ) ထဲက အမြဲတမ်းအားပေးစကားပြော အမြဲတမ်းဖတ်ပေးတဲ့ ကိုညို
ပို့စ်တခုတင်ပြီးတိုင်း အားမှန်းမအားမှန်းမသိ အတင်းလင့်ပေးပြီးဖတ်ခိုင်းတိုင်းဖတ်ပေးတဲ့ Gtalk ကသူငယ်ချင်းများ
ညမအိပ်တိုင်း ကော်မန့်ဝင်ရေးတတ်တဲ့ ဂျေကြီး
ဘလော့ပုံစံလေးပြင်တိုင်း ၀င်ကြည့်ဆိုရင်ကြည့်ပေးရှာတဲ့ ညီငယ် ပန်ကီ
ဒဿနတွေပြောပြတတ်တဲ့ ကိုကြီးကံ နဲ့ရုရှားရောက်နောင်တော်များ
ကျွန်တော့်ဗရုတ်သုတ်ခများကို ဖတ်ပေးကြတဲ့သူငယ်ချင်းများ
ကျွန်တော့်စာပေလေးများကို အားပေးသွားတဲ့ အစ်ကိုဇောင်းကိုရဲကြီးကိုဖန်ခါးမြေကိုနွေဆူးလင်္ကာ ၊ပန်းကလေး
ကျွန်တော့်ဘလော့လေးကို အမြဲတမ်းအားပေးတဲ့ ကိုဘာဘူ
အခုကျွန်တော် ရေးတဲ့အထဲမှာ ကျန်သွားတဲ့သူငယ်ချင်းများအားလုံး
စီဘောက်မှာ မရေးပဲလာလည်သွားကြတဲ့ သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်လို့ ပြောချင်ပါတယ်
တကယ်ပြောတာဗျ
မနက်အိပ်ရာနိုးလို့ ပထမဆုံးဘာလုပ်လဲလို့မေးရင် မျက်နှာသွားသစ်တာပေါ့လို့ မထင်နဲ့နော်
ပထမဆုံး ဘလော့လေးကို အရင်ဝင်ကြည့်မိတယ်
စီဘောက်မှာ ဘယ်သူဘာရေးခဲ့လဲပေါ့
တယောက်ယောက်က ကော်မန့်ရေးပေးခဲ့ရင် အဲဒီနေ့က ပျော်လို့မဆုံးဘူး
ကျွန်တော်ပထမဘလော့လေးပျက်ပြီး ဆက်ရေးနေမိတာကလဲ
အဲဒီခံစားချက်လေးကို ကြိုက်လို့ပါ
အဲဒါကပြောပြလို့မရဘူးဗျ ဒါပေမဲ့တော်တော်တော့မိုက်တယ်
မယုံဘူးဆိုရင်တော့ ကိုယ်တိုင်ဘလော့လေးတခုလောက်ကို ရေးကြည့်ကြပေါ့ဗျာ
(အခုဒီပို့စ်လေးကို ဖတ်နေတဲ့သူငယ်ချင်းများကိုလဲ ကျေးဇူးအထူးတင်ရှိပါကြောင်း)
Saturday, November 22, 2008
အိပ်မပျော်သောည၏အတွေးတစ
ဘ၀ဆိုတာ ဘာမှမသေချာဘူးတဲ့ ကြားဖူးတဲ့ စကားပုံတခုပါဗျာ အဲဒီမသေချာတဲ့ဘ၀ကြီးမှာ အိမ်နဲ့ခွဲပြီးအဝေးရောက်နေတဲ့ လူသားတယောက်ရဲ့ ရင်ထဲမှာလဲ တခါတလေတော့ လွမ်းချင်းလေးတွေ ဆိုချင်တယ်ဗျာ ယောက်ျားကြီးတန်မဲ့ လာနုနေတယ်လို့ပြောချင် ပြောကြပါစေဗျာ မွေးကတည်းက အတူတူနေလာတဲ့ အမေ့ရဲ့ရင်ငွေ.နဲ့ နွေးထွေးနေတဲ့ အိမ်လေးကို ဒီလိုတယောက်တည်းရှိတဲ့ ညတွေမှာ လွမ်းမိတာတော့ အမှန်ပါဗျာ
ဒါဆို မင်းကဘာဖြစ်နေလို့လဲလို့ မေးစရာရှိပါတယ်ဗျာ ဘာမှမဖြစ်ပါဘူး ဒါပေမဲ့ မနက်မိုးလင်းရင် နှိုးတဲ့ဖုန်းက နူးညံ့မှုမရှိတဲ့ သီချင်းသံခပ်ဆူဆူတချို့နဲ့ အပြုံးမရှိတဲ့လောကကြီးကို ဖြတ်သန်းရတာကြာလာတော့လဲ အထီးကျန်ဆန်လာတယ်ဗျာ
စကားမပြော ခံစားချက်မရှိတဲ့ စက်နှစ်လုံးနဲ့ဘ၀ကြီးက တခါတခါတော့ ခြောက်သွေ.လွန်းလှတယ်ဗျာ အိမ်မှာဆိုရင် တခါတလေနားညီးတယ်လို့စိတ်ထဲကပြောတဲ့ အမေ့ဂရုဏာဒေါသသံကို ပြန်ကြားချင်တယ်ဗျာ ခြောက်ကပ်ကပ်အခန်းလေးတခုမှာ ဒီစက် ဒီသီချင်း ဒီအရာဝတ္ထုတွေက တခဏတာတော့ ပျော်ရွှင်မှုပေးနိုင်ပါတယ် စက်ရုပ်ဆန်တဲ့လူသားတွေကြားမှာလူလဲ တဖြည်းဖြည်းနဲ့ စက်ရုပ်ဆန်လာပြီဗျာ
ဒီနေ့ နေသိပ်မကောင်းဘူးဗျာ မနေ့ညက အအေးနည်းနည်းမိတယ်ထင်ပါတယ် ကိုယ်ပူပြီး ခေါင်းတွေကိုက်နေတယ် ဒါနဲ့အမေပို့ထားတဲ့ ဆေးလေးနည်းနည်းသောက်ပြီး အိပ်ဖို့ကြိုးစားတာ အိပ်လို့မရဘူးဗျာ
ကိုယ်ပူရင် နဖူးကိုလာစမ်းပေးတတ်တဲ့ အဖေနဲ့အမေရဲ့ လက်လေးကိုလွမ်းတယ်ဗျာ
မနက်အစောကြီးလာနှိုးပြီး မနက်စာဘာစားမလဲ မေးတတ်တဲ့ အဖေ့အသံကိုသတိရတယ်ဗျာ
လောကကြီးကတော့တိုးတက်ပါတယ်ဗျာ နေရတာလဲကောင်းပါတယ် ဒါပေမဲ့ စိတ်ဓါတ်တွေ ခံစားချက်တွေ ဘာမှမရှိပဲနေရတာ အပြင်ပန်းဘယ်လောက် ကောင်းကောင်း အတွင်းကလှိုက်စားနေသလိုပါပဲ
တခါတလေတော့လဲ လူသားဆန်ချင်တယ်ဗျာ လမ်းထိပ် ၀က်သားဒုတ်ထိုးဆိုင်က ၀ယ်မစားလဲပြုံးပြတတ်တဲ့ အဒေါ်ကြီးအပြုံးကို ဒီနေရာမှာရှာမတွေ့နိုင်ပါဘူးဗျာ
ကြာတော့လဲစဉ်းစားမိတယ် ကိုယ့်အသက်ရှင်ရပ်တည်နေမှုကိုပါ အရာဝတ္ထုတခုအတွက် လောကမှာ နေရာတနေရာစာအတွက် သံပါတ်ပေးထားတဲ့လူတွေကြားမှာ ရပ်တည်နေရတာ ငြီးငွေ့လွန်းလှပါပြီဗျာ
သူငယ်ချင်းတယောက်ပြောသလိုပေါ့ "အဲဒီလိုမနေချင်ရင် မင်းဘ၀နေ့စဉ်အလုပ်တွေကို တပါတ်လောက်ရပ်ထားကြည့်လိုက်လေ "တဲ့ သူပြောတာလဲ ဟုတ်ပါတယ် ကိုယ့်မသိစိတ်ကိုက သံပါတ်ပေးထားတဲ့စိတ်ကြီးဖြစ်နေပြီ အချိန်တန်ရင်သူ့ဟာသူကို လုပ်နေတတ်ပြီ
တခုပဲစဉ်းစားပြီးစိတ်ပူလိုက်မိတယ် ငါ့မျက်နှာ ငါ့အပြုံး ငါ့လှုပ်ရှားမှုတွေဟာ ငါမသိလိုက်ချိန်မှာ သံပါတ်ပေးထားတဲ့ စက်တခုဖြစ်နေပြီလား ဆိုတာကိုပါပဲဗျာ
Monday, November 17, 2008
မြန်မာ့ဂုဏ်ဆောင် TEVA NATIONAL BEACH SOCCER CHAMPION 2008 မြန်မာအသင်း
ကျွန်တော်တို့ရဲ့မြန်မာဆိုတာရာဇ၀င်သမိုင်းကြောင်းအခိုင်အမာနဲ့နေထိုင်လာတဲ့လူမျိုးပါ မြန်မာ့ယဉ်ကျေးမှု မြန်မာ့အနုပညာ မြန်မာ့အားကစား ဆိုတာကမ္ဘာပေါ်မှာရှိတဲ့လူမျိုးများရဲ့အလယ်မှာဂုဏ်ယူဝင့်ကြွားစွာနေလာခဲ့တာ ယနေ့ထိတိုင်ပါပဲ မြန်မာ့ယဉ်ကျေးမှုမှာပုံဂံကဘုရားစေတီတွေဟာဆိုရင်လည်း အခုထိကမ္ဘာ့အံ့ဖွယ်များထဲမှာအထင်အရှားရပ်တည်နေဆဲပါ မြန်မာ့အားကစားမှာဆိုရင်လဲ တချိန်တုန်းက ဗဟာဒူးတို့ဦးဆောင်တဲ့မြန်မာဘောလုံးအသင်းဟာ အာရှနိုင်ငံတွေဖိန့်ဖိန့်တုန်အောင်ကြောက်ခဲ့ရတဲ့အသင်းပါ အာရှတိုက်မှာရှိတဲ့ဖလားတွေဟာ မြန်မာတွေအတွက်ပဲ လို့တောင်ပြောစမှတ်ပြုခဲ့ရပါတယ် ယနေ့ခေတ်မှာလဲ မြန်မာလူမျိုးအသိပညာရှင် အတတ်ပညာရှင်တွေဟာ နိုင်ငံတကာနယ်ပယ်မှာအောင်မြင်မှုတွေရယူနေဆဲပါ ဒီထဲကစင်ကာပူနိုင်ငံကဘောလုံးလောကမှာ အမြဲတန်းအောင်ပန်းတွေကိုရယူနေတဲ့ အသင်းတသင်းအကြောင်းကိုပြောလိုပါတယ် ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ စင်ကာပူနိုင်ငံ Sentosa ကမ်းခြေမှာ အသက် ၂၄ နှစ်အောက် TEVA NATIONAL BEACH SOCCER CHAMPIONSHIP 2008 ကိုကျင်းပခဲ့ပါတယ် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့အသင်းတွေကတော့ မလေးရှားအသင်း စင်ကာပူအသင်း အင်ဒိုနီးရှားအသင်း အိန္ဒိယအသင်း မြန်မာအသင်း စုစုပေါင်းအသင်း ၁၀ သင်းခန့်ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ် လူမျိုးပေါင်းစုံပါဝင်ယှဉ်ပြိုင်သည်နှင့်အမျှ မိမိအသင်းဂုဏ်သိက္ခာ နိုင်ငံဂုဏ်သိက္ခာတက်ဖို့အပြင် မျိုးချစ်စိတ်ဓါတ်အပြည့်နဲ့ ပါဝင်ယှဉ်ပြိုင်ကြခဲ့တဲ့အတွက် ပြိုင်ပွဲကြီးဟာ အကြိတ်အနယ်ရှိခဲ့ပါတယ်
မနက် ၉ နာရီခန့်မှာပြိုင်ပွဲဖွင့်ပွဲကိုကျင်းပပြီး ယှဉ်ပြိုင်ခဲ့ကြပါတယ် လူမျိုးပေါင်းစုံက မိမိအသင်းအတွက်လာရောက်အားပေးခဲ့ကြတဲ့အတွက်ပြိုင်ပွဲကြီးဟာစည်ကားခဲ့ပါတယ် အဲဒီထဲမှာ လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ပရိသတ်အားပေးမှုကို အများဆုံးရရှိခဲ့တာကတော့ ကျွန်တော်တို့ရဲ့မြန်မာအသင်း ပဲဖြစ်ပါတယ် လူမျိုးပေါင်းစုံနဲ့ယှဉ်ပြိုင်ရတဲ့အတွက် အခက်အခဲများစွာရှိခဲ့ပါတယ် ညနေ ၆ နာရီမှာပိတ်ပွဲကျင်းပပြီး ချန်ပီယံဖလားကိုချီးမြှင့်တဲ့အခါ မြန်မာအသင်းဟာ ပေးဂိုးမရှိ ရှုံးပွဲမရှိနဲ့ ချန်ပီယံဖလားကြီးကိုထိုက်ထိုက်တန်တန်ရရှိသွားခဲ့ပါတယ် လူမျိုးပေါင်းစုံနဲ့ယှဉ်ပြိုင်ရတဲ့အခါမှာ ပေးဂိုးမရှိဖို့ဆိုတာမလွယ်လှပါဘူး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးမှာတောင် ပေးဂိုးမရှိတဲ့ချန်ပီယံအသင်းဆိုတာ မကြားခဲ့ဘူးပါဘူး ယခုမြန်မာအသင်းဟာ မယုံနိုင်လောက်တဲ့ခြေစွမ်းနဲ့ ပေးဂိုးမရှိချန်ပီယံဖြစ်သွားခဲ့တယ်ဆိုတာ စင်ကာပူလူမျိုးတွေတောင် အိမ်မက်ပမာအံ့သြမှုဖြစ်ခဲ့ရပါတယ် လူမျိုးဂုဏ်ကိုထိန်းသိမ်းနေတဲ့ TEVA NATIONAL BEACH SOCCER CHAMPION 2008 မြန်မာအသင်းအကြောင်းကို ကျွန်တော်ဘာဘူကြီးက လေးစားစွာဂုဏ်ပြုရေးသားလိုက်ပါတယ်
TEVA NATIONAL BEACH SOCCER CHAMPION CUP
မြန်မာ့ဂုဏ်ဆောင် TEVA NATIONAL BEACH SOCCER CHAMPION 2008 မြန်မာအသင်း
ရှေ့တန်း(၀ဲမှညာ) ကျော်မင်းဆွေ၊ဇေယျာမင်း
နောက်တန်း(၀ဲမှညာ)လွင်ဇာနည်မောင်၊Steven(ဂိုး)၊မွန်း
အချစ်သီအိုရီများ
ဒီနေ့တော့ ကျွန်တော်ရဲ့အချစ်သီအိုရီလေးတွေ တင်ပေးလိုက်ပါတယ်
စကားလုံးအသုံးအနှုန်းနည်းနည်းရိုင်းသွားရင်တော့တောင်းပန်ပါတယ်
စာဖတ်သူတို့မျက်လုံးထဲမှာကွက်ကွက်ကွင်းကွင်းပေါ်အောင်ရေးလိုက်သဖြင့် နည်းနည်းရိုင်းသွားရင်လဲခွင့်လွှတ်ပါ
ဒါလေးကိုဖတ်ပြီးရင်တော့ ကိုယ့်ပတ်ဝန်းကျင်က အချစ်ရူးရူးနေတဲ့လူတွေရဲ့ အချစ်ကို ဘယ်လိုအချစ်မျိုးလဲလို့ စဉ်းစားကြည့်ပေါ့
ကိုယ်တိုင်လဲတစုံတယောက်ကိုချစ်နေတယ်ဆိုရင် ကိုယ့်ကိုကိုယ်သုံးသပ်ကြည့်ပေါ့ "ငါကသူ့ကိုဘယ်လိုအချစ်မျိုးနဲ့ချစ်နေတယ်" ဆိုတာကိုပေါ့
ကျွန်တော်ရေးထားတဲ့အချစ်တွေထဲက တခုခုနဲ့တူနေတယ်ဆိုရင်တော့ မပြုံးလိုက်ပါနဲ့
နွားအချစ်
သူချစ်တာ မချစ်တာမသိဘူး ကိုယ့်ဘက်ကချစ်နေရရင်ပြီးရောပဲ ကိုယ့်ချစ်သူက နောက်တယောက်နဲ့တွဲသွားတွဲလာလုပ်ပြီး စကားလက်ဆုံကျနေရင်လည်းမကြိုက်ဘူး မသွားပါနဲ့လို့လဲမပြောရဲဘူး ဒါပေမဲ့ကိုယ့်ချစ်သူကိုယ်ဆီပြန်ရောက်လာရင် အဲဒါတွေအကုန်ပျောက်ပြီး အစစအရာရာ ခွင့်လွှတ်သည်းခံ အနစ်နာခံပြီး"တို့အချစ်ကပေးဆပ်ခြင်းပါ" လို့ပြောပြီးအချစ်ကြီးချစ်တတ်တယ် (နွားဘ၀ကိုကျေနပ်စွာလက်ခံတတ်သောအချစ်)
သူတောင်းစားအချစ်
သူ့အချစ်ကိုရဖို့ဆိုရင် နေပူထဲမှာပဲရပ်စောင့်ရစောင့်ရ မိုးရွာထဲမှာပဲစောင့်ရစောင့်ရ ကိုယ့်ကိုတွေ.ရင် သူမျက်နှာက လငပုတ်ဖမ်းသလိုမျိုးဖြစ်သွားတတ်ပေမဲ့ သူ့မျက်နှာလေးမြင်ရရင်ကိုသေပျော်ပါပြီဆိုတဲ့အချစ်မျိုး သူ့ကိုတွေ.ရမယ်ဆိုရင် ထမင်းမစားဟင်းမစား သူ့ကျောင်းဆင်းချိန်လေးကိုသွားစောင့်ကြည့်တတ်တဲ့အချစ်မျိုး
တဏာရူးအချစ်
အချစ်ဆိုတာထက် သူ.၀တ်ပုံစားပုံ ကိုယ်လုံးကိုယ်ပေါက်အချိုးအစားကိုကြိုက်သဖြင့်ချစ်သောအချစ်မျိုး သူလမ်းလျှောက်သွားတာကိုလိုက်ကြည့်ရင်း စွဲလမ်းသွားသောအချစ်မျိုး(အလွန်ဆိုးသောအချစ် နှာဘူးချစ်)
ဂုဏ်ဓနအချစ်
သူ့ကိုချစ်သည်ဆိုတာထက် သူ့မိဘအသိုင်းအ၀ိုင်း မိဘပိုင်ဆိုင်မှုကိုကြည့်ပြီး သူ့ကိုချစ်ဟန်ဆောင်သောအချစ်မျိုး လောဘမာန်တက်နေသောမျက်လုံးများဖြင့်ချစ်သောအချစ်
အခြောက်အချစ်
ချစ်တာကတော့အလွန်ချစ်သည် သို.သော် သူကိုတွေ.လျှင်ခြေဖျားလက်ဖျားများအေးစက်ကာ ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး ပေါက်တတ်ကရလျှောက်လုပ်တတ်သောလူများဧ။်အချစ် သူနှင့်တွေလျှင်ဘာမှမပြောရဲပဲ ကိုယ့်အိမ် ကိုယ့်အခန်းပြန်ရောက်မှ စောင်ခေါင်းမြှီးခြုံပြီး "အရမ်းချစ်တာပဲကွာ" ဟုအော်တတ်သောသူများဧ။်အချစ် (ယောင်္ကျားသတ္တိမရှိခြင်း အခြောက်ဆန်စွာချစ်ခြင်း)
စိတ်ကူးယဉ်ဂေါက်ကြောင်အချစ်
ဘယ်သူကိုမှရေရေရာရာလဲမချစ် ချစ်သူလဲမရှိ တယောက်ထဲကဗျာတွေရေး စိတ်ကူးတွေယဉ်ပြီး စိတ်ကူးထဲကကောင်မလေးကိုပုံဖေါ်ပြီး ဂေါက်ကြောင်ကြောင်နှင့်နေတတ်သောလူများဧ။်အချစ် ဘယ်မိန်းကလေးကိုမှကောင်းကောင်းမွန်မွန်စိတ်မ၀င်စား ရည်းစားမလိုချင်လို့လဲမဟုတ် စိတ်ကူးယဉ်ပြီးသာချစ်နေတတ်သောလူများဧ။်အချစ် လက်တွေ.အကောင်အထည်မဖေါ်သောအချစ်
အမှတ်တရစလုံးည
ဒီနေ့ကတော့စလုံးကိုရောက်တာအမှတ်တရအဖြစ်ဆုံးည ၁ ညပါ
(စာရေးနေတာနဲ့ည ၃ နာရီထိုးသွားပြီ အိပ်တော့မယ် မနက်ကျောင်းရှိသေးတယ် နောက်ကျလွန်းလို့ ဆရာကလဲသိပ်မကြည်တော့ဘူး ဟီးဟီး မနက်ဖြန်တော့ အတန်းမှီအောင်တက်လိုက်ဦးမယ်)
စေတန်နှင့်ဒုတိယံပိဘလော့ရေးခြင်း
အရင်လက ကျွန်တော့်ဘလော့လေး ဘာဘူကြီးကိုပြင်တာဗျာ အပြင်လွန်ပြီးပျက်သွားတယ် တော်တော်နှမြောတယ်ဗျာ restore ပြန်လုပ်ဖို့ကျတော့လဲ save မလုပ်ထားလိုက်ရဘူးဗျာ ကျွန်တော့်ပထမဆုံးဘလော့လေးဆိုတော့ ပိုနှမြောမိတာပေါ့ဗျာ အဲဒါလေးကို ဖြစ်အောင်လုပ်တာ ၂ လလောက်ကြာတယ်ဗျာ ပျင်းတာရော မလုပ်တတ်တာရောပါတာပေါ့ဗျာ ဒါပေမဲ့ဘလော့ရေးချင်စိတ်လေးကမကုန်သေးတာကြောင့် အခုဘလော့လေးကိုဆက်ရေးလိုက်တာပါ ကျွန်တော်ဗရုတ်သုတ်ခတွေပြောသမျှ ရေးသမျှကိုသည်းခံပြီးဖတ်ပေးတဲ့သူငယ်ချင်းတွေ အားလုံးကိုလဲ အထူးကျေးဇူးတင်ပါတယ် ဆက်ပြီးလဲအားပေးကြပါလို့ပြောချင်ပါတယ်ဗျာ အရင်က ဘာဘူကြီးမှာတင်ထားတဲ့ပို့စ်လေးတွေကို ပြန်တင်ပေးလိုက်ပါတယ်